Events

“အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ၏ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေး ကျင်းပခြင်း’’

Updated At: 2024-05-27 20:15:51

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ရုံးအမှတ် (၃)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်မ (၂) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကောင်စီဥက္ကဋ္ဌ၊ ဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဦးဝင်းရှိန်၊   ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကောင်စီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးများ၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၄၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

              အစည်းအဝေးတွင် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မှုတစ်ရပ်အဖြစ် အမျိုးသားပို့ကုန်မဟာဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ ကြောင်း၊  အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်မှုကို ကြီးကြပ် ဆောင်ရွက်ရန်၊ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီမှ အစီရင်ခံတင်ပြမှုများအပေါ် လေ့လာသုံးသပ်၍ မူဝါဒဆိုင်ရာ လမ်းညွှန်မှုပေးရန်နှင့် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းဗျူဟာများရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး ထိန်းကျောင်းလမ်းညွှန်မှု ပြုပေးရန် “အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းမိန့် (၃၈/၂၀၂၄) ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် ပါဝင်သည့် ကဏ္ဍများအလိုက် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် အစိုးရ-ပုဂ္ဂလိက ကဏ္ဍများက ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ပို့ကုန်သွင်းကုန်ကဏ္ဍ နှစ်ခုတွင် အားမျှခြေဖြစ်ရန်လည်း လိုအပ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ပါသည်။

              ဆက်လက်၍ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။

              ဆက်လက်၍ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်မြှင့်တင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးနေပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလီယံ တင်ပို့ရန်နှင့် သွင်းကုန် ၁၆.၃ ဘီလီယံ တင်သွင်းရန်အတွက် လျာထားချက် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်တင်ပို့မှုလျာထားချက်ကို ပြည့်မီအောင် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများကို ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများ အလိုက် ပို့ကုန်တိုးမြှင့်တင်ပို့ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ၊ ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

              ဆွေးနွေးတင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌက “အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ” ရဲ့ ပထမကြိမ်အစည်းအဝေးမှ ဆွေးနွေးရရှိချက်များအပေါ် မှတ်သားပြီး ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် သွားကြရန် ဖြစ်ကြောင်း၊ ကောင်စီ၏ (၂/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတွင် ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပေးသင့်သော အချက်များ၊ ကဏ္ဍများအလိုက် တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဆောင်ရွက်ပေးသင့်သော အချက်များစသည်တို့ကို အသေးစိတ်ဆွေးနွေးညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ပို့ကုန် အမျိုးအစားနှင့် အရေအတွက်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၏ ကုန်သွယ်မှုပမာဏလျာထားချက်ကို ပြည့်မီအောင် ဆောင်ရွက်ကြရန်ဖြစ်ပြီး ပို့ကုန်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရေးနှင့် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။